ကံ့ကော်နီ
ပူပြင်းလှတဲ့ နေရောင်ခြည်အောက်မှာ ဒေါ်မထွေးတို့ အမျိုးသမီးတစ်စုဟာ ကလေးတွေ တိုးလို့တွဲလောင်းနဲ့ ခြေလျင်ခရီးတစ်ခုထွက်ဖို့ ရွာထဲမှာ ပြင်ဆင်နေကြပါတယ်။
ဒီအမျိုးသမီးတွေဟာ ခပ်နွမ်းနွမ်းအဝတ်အစားတွေကို ဝတ်ဆင်ထားကြပြီး လက်ထဲမှာ ရေပုံး၊ ရေအိုး၊ ရေခွက်တွေနဲ့ ရောက်မလာသေးတဲ့ ရွာထဲက အဖော်တချို့ကို အသင့်အနေအထား စောင့်နေကြပုံပါ။

အမျိုးသမီး ၅ ဦးကနေ ၁၀ ဦးကျော်ထိ ပါဝင်တဲ့ သူတို့အဖွဲ့ဟာနေမွန်းမတည့်မီ ရွာနဲ့ မိုင်ဝက်လောက်ဝေးတဲ့ တောစပ်ကို အုပ်စုလိုက် ခြေလျင်သွားပြီး ရေခပ်ကြမှာဖြစ်ပါတယ်။
“သောက်ရေတစ်ပုံးရဖို့ဆိုတာ တခြားသူတွေနဲ့ အဖော်လိုက်ခပ်မှရတာပါ။ တစ်ယောက်တည်း သွားရဲတာမဟုတ်ဘူး”လို့ အသက် ၄၈ နှစ်အရွယ် ကလေး ၆ ယောက်မိခင် ဒေါ်မထွေးက ပြောပြတယ်။
ဒေါ်မထွေးဟာ အာရက္ခပြည် (ရခိုင်ပြည်နယ်) အနောက်ဘက်အစွန်ဆုံး၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ထိစပ်နေတဲ့ မောင်တောမြို့၊ ‘မြိုယု’ ရွာသစ်မှာ နေထိုင်တဲ့ မြိုအမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ သူ့အမျိုးသားကတော့ နေ့စား၊ ကျပန်းအလုပ်လုပ်ကိုင်သူဖြစ်ပြီး ရွာလုံးနီးပါးမှာလည်း မြိုလူမျိုးတွေ နေထိုင်ကြပါတယ်။
မြိုလူမျိုးတွေဟာ မြန်မာနိုင်ငံမှာ ချင်းနဲ့ ရခိုင်ပြည်နယ်တို့မှာ အများဆုံးနေထိုင်ကြတဲ့ လူနည်းစုတိုင်းရင်းသားတွေဖြစ်ကြပြီး ကိုယ်ပိုင်ဘာသာစကားရှိကြတယ်။
ခန့်မှန်းချက်တွေအရ ၂၀၁၆ ခုနှစ်အတွင်း မြန်မာမှာ မြိုလူမျိုးဦးရေ လေးသောင်းခန့်ရှိတယ်လို့ သိရပါတယ်။
ရခိုင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပဋိပက္ခတွေကြောင့် တစ်နေရာပြီးတစ်နေရာ ပြောင်းရွှေ့နေထိုင်ခဲ့ရတဲ့ မြိုယုရွာသားတွေဟာ ၂၀၂၂ ခုနှစ်မှာ လက်ရှိနေရာကို ရွာသစ်အဖြစ် ပြောင်းရွှေ့ရောက်ရှိလာခဲ့ကြတာပါ။
ဒါပေမဲ့ ဒီနေရာကို ရောက်လာကတည်းက ရေရှားပါးမှုအခက်အခဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ဒီနေ့အထိလည်း အဲဒီပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးပါဘူး။

ရွာနဲ့ မလှမ်းမကမ်းမှာ ပင်လယ်နဲ့ ချောင်းတစ်ခုရှိပေမယ့် ရေငန်တွေဖြစ်နေတာကြောင့် ဒေါ်မထွေးတို့ဟာ သောက်ရေ၊ သုံးရေအတွက် နေ့စဉ် တောတောင်တွေထဲက စိမ့်စမ်းရေတွေကို သွားရောက်ခပ်ယူနေရပါတယ်။
ဒေါ်မထွေးကတော့ သူရေသွားခပ်နေတုန်း ကျန်ခဲ့မယ့် အိမ်က ကလေး ၆ ယောက်ကို အိမ်နီးနားချင်းတွေ ဆီအပ်ပြီး ရေခပ်ခရီးကို တခြားအမျိုးသမီးငယ်တွေလို ခပ်သွက်သွက် စတင်လိုက်ပါတယ်။
ရေအသက် တစ်မနက်ကို ဖြည့်ဆည်းရတဲ့ အမျိုးသမီးများ
ခရီးစတင်လိုက်တာနဲ့ ဒေါ်မထွေးတို့ အမျိုးသမီးအုပ်စုဟာ ကလေးတသိုက်နဲ့ ရွာကနေ ခဏအတွင်းမှာ ပျောက်ကွယ်သွားတယ်။
ထမင်းအသက် ၇ ရက်၊ ရေအသက် တစ်မနက်ဆိုတဲ့ ဆိုရိုးအတိုင်း ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်က ရေပါပဲ။
ဒီခရီးစဉ်ဟာ သူတို့မိသားစုအတွက် တစ်နေ့စာ အသက်ကို ကိုယ်စားပြုပါတယ်။ တစ်ရက်စာ ရေသောက်ရဖို့၊ တစ်ရက်စာ ထမင်းဟင်းချက်ပြုတ်ရဖို့ တာဝန်ဟာ ဒေါ်မထွေးတို့ အုပ်စုရဲ့ ခေါင်းပေါ်က ရေပုံးတွေထဲမှာပါ။
သူအုပ်စုထဲက လသားအရွယ်ကလေးမိခင် မအေးခိုင်ကတော့ ခင်ပွန်းဖြစ်သူက တာဝန်နဲ့ အိမ်မှာမရှိ၊ မိဘတွေကလည်း လယ်ထဲသွားချိန်ဆို ကလေးတစ်ဘက်နဲ့ ရေခပ်ဖို့ မလိုက်နိုင်တဲ့နေ့တွေ ကြုံခဲ့ရပါတယ်။
“မိဘတွေ အိမ်ပြန်ရောက်ချိန်မှာတော့ ရေမရှိလို့ ထမင်းမချက်ရသေးတာကြောင့် ထမင်းစားချိန် ရောက်နေပေမယ့်လည်း ရေခပ်သွားရပြီး လူကြုံမရတော့ မိခင်ဖြစ်သူကို အဖော်ခေါ်ရသေးတယ်။ တောထဲမှာ အမျိုးသမီးသီးသန့်ဆိုတော့ အသံတစ်ခုခု ကြားမိရင် ကြောက်လန့်နေခဲ့ရတယ်” လို့ အသက် ၂၃ နှစ်အရွယ် မအေးခိုင်က ပြောပြတယ်။

လူတစ်ဦးစာ သယ်ဆောင်နိုင်တဲ့ပမာဏကတော့ သောက်ရေတစ်ပုံးပါပဲ။
နေ့စဉ် ရေခပ်ရတဲ့ခရီးမှာ ကိုယ်ဝန်ဆောင်တွေ၊ မအေးခိုင်တို့လို နို့တိုက်မိခင်တွေလည်းပါသလို တောင်ကုန်းအနိမ့်အမြင့်တွေကို တက်ဆင်းရင်း ရေတွေဖိတ်ကျ၊ ရေပုံးတွေကွဲတာမျိုးလည်း ကြုံကြရပါတယ်။
ဒီ ရေခပ်ခြင်းခရီးဟာ မိုင်ဝက်လောက်ဝေးကွာပြီး ခရီးစဉ်အစအဆုံးဟာ ၂ နာရီခန့်ကြာမြင့်ပါတယ်။

ကွန်ကရစ်လမ်းဘေးက ရွာ
မြိုယုရွာသားတွေဟာ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နဲ့ အထက်မြက်လှဲစစ်ရှောင်စခန်းတွေမှာ ၂၀၁၆ ခုနှစ်ကစတင်နေထိုင်ခဲ့ရပြီး တိုက်ပွဲတွေဟာလည်း နောက်ပိုင်းမှာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။
မြိုယုရွာသားတွေဟာ တစ်နေရာပြီးတစ်နေရာ၊ တောတောင်ဒေသတွေကို အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ သူတို့ရဲ့ မူလဇာတိကတော့ ပုဏ္ဏားကျွန်းမြို့နယ်က ကင်ပိဆိုတဲ့ရွာပါ။
“ကျွန်တော်တို့က တောတောင်၊ ချောင်းဖျားမှာ နေရတော့ လူသူမရောက်၊ ကား၊ ဆိုင်ကယ်လည်း မမြင်ဖူးဘဲ စာမတတ်၊ ပညာမတတ်နဲ့ အသိပညာ၊ အတတ်ပညာ ဖွံ့ဖြိုးမှု အားနည်းခဲ့ရပါတယ်။ ဒါကြောင့် ဝါးတောင်မှာ စစ် ရှောင်နေတုန်း ဘုန်းတော်ကြီးကျောင်းထိုင်ဆရာတော်ထံ၌ ယခုလို ပြေးလွှားနေရတာ အဆင်မပြေဘူး၊ အားလုံး စုစည်းနေထိုင်နိုင်ရန်အတွက် မြေဧရိယာတစ်ခု ရနိုင်ဖို့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင် တင်ပြ တောင်းဆိုခဲ့တာပါ” ဟု မြိုယုရွာ တည်ထောင်သူ ဦးမောင်လှက ပြောပြတယ်။
အဲဒီအချိန် မြိုလူမျိုးစာရင်းကောက်ရာမှာ အိမ်ထောင်စု ၁၀၀ လောက်ရခဲ့တယ်လို့ သူကပြောပါတယ်။

အာရက္ခတပ်တော် (AA)နဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြားစစ်ရေးအရှိန်မြင့်လာနေတဲ့အကြား မြိုလူမျိုးတွေဟာ တာဝန်ရှိသူတွေကို အကူအညီ တောင်းလိုက်၊တင်ပြလိုက်နဲ့ ၂၀၂၂ ခုနှစ် မတ်လမှာတော့ အိမ်ထောင်စု ၅၄ စုနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ၊ ယိုးချောင်း၊ ဝါးတောင်၊ တောဖျားချောင်းကနေ မောင်တောမြို့က မြိုယုရွာသစ် ဖြစ်လာမယ့်နေရာကို ရောက်ရှိလာပါတော့တယ်။
အဲဒီအချိန်ကတိုက်ပွဲတွေပြင်းထန်နေချိန် စစ်အုပ်စု၊ ရခိုင်ဝန်ကြီးချုပ် ဦးထိန်လင်းက ဒီနေရာကို အတည်ပြုချထား ပေးခဲ့တာလို့ အဲဒီအချိန်မှာရှိခဲ့တဲ့ မောင်တော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုဦးစီးမှူးတစ်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ ဒီဒေသဟာ အာရက္ခတပ်တော်ရဲ့ အုပ်ချုပ်မှုအောက်မှာရှိနေပြီး အိမ်ခြေလည်း ၁၀၀ ကျော်၊ လူဦးရေ ၆၀၀ ကျော်ထိရှိလာခဲ့ပါပြီ။

မူလတန်းစာသင်ကျောင်းတစ်ကျောင်းနဲ့ ဇရပ်မကျ၊ အိမ်မကျ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး ကျန်းမာရေးနဲ့ ဈေးဝယ်ဖို့ကိုတော့ အနီးအနား မြို့နယ်တွေကို ခြေလျင် ဒါမှမဟုတ် ကားတားစီးရင်း သွားကြတယ်လို့ ဦးမောင်လှက ပြောပါတယ်။
ဒီရွာက မြိုလူမျိုးတွေဟာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကိုသာ လုပ်ကိုင်ကြပြီး အမျိုးသမီးတွေကတော့ မေယုတောင်ထဲက ရာသီပေါ် သီးနှံတွေ၊ အသီးအရွက်တွေ၊ မြောက်ဥလို့ခေါ်တဲ့ သင်္ဘောဥ၊ ကတက်ဥတွေကို တူးဖော်ပြီး ဈေးမှာရောင်းချတတ်ကြပါတယ်။
စားဝတ်နေရေးအတွက် သီးနှံတွေ ရောင်းချဖို့ လုံးပန်းနေရရင်း တစ်ဘက်မှာလည်း ရေအတွက် အမျိုးသမီးတွေက အချိန်ပေးနေရကြောင်း မအေးခိုင်က ရှင်းပြပါတယ်။
သူတို့ဟာ တစ်ရက်ကို လီတာ ၂၀ စာရှိတဲ့ သောက်ရေတစ်ပုံးစာကို တောနက်ထဲမှာ သွားရောက်သယ်ယူရပြီး ချိုးရေကိုတော့ ရွာတောင်ဘက် ၂ မိုင်လောက်အကွာက သင်္ဘောကွေ့လို့ ရေငန်ချောင်းမှာ သွားချိုးကြရပါတယ်။
ရွာရဲ့ မလှမ်းမကမ်းမှာရှိပေမယ့် ချောင်းဟာ ဘင်္ဂလားပင်လယ်အော်ရဲ့ ချောင်းလက်တက် ဖြစ်နေတာကြောင့် ရေငန်ချောင်းဖြစ်နေပြီး ရွာသားတွေအတွက်တော့ ရေချိုမရရှိဘဲ ကံဆိုးသွားပါတယ်။
ဒါအပြင် ဒီချောင်းဟာ ရေငန်ဖြစ်နေတာကြောင့် ရွာသားတွေအတွက် သက်မွေးဝမ်းကျောင်းပြုစရာလည်း ဖြစ်မလာဘဲ ရေချိုး၊ အဝတ်လျှော်ဖို့လောက်ပဲ အသုံးပြုလို့ရနေပါတယ်။
“ဒီရွာသစ်ကို စရောက်ကတည်းက ရေပြဿနာစတင်ကြုံရခဲ့တာပါ။ ရေလုံးဝမရှိသေးတဲ့အချိန်ကာလတွေကို ခက်ခက်ခဲခဲဖြတ်သန်းခဲ့ရပြီး ဆားငန်ရေကို ချိုး၊ ဆာငန်ရေကို သောက်ခဲ့ရတဲ့ အထိ ရှိခဲ့တယ်”လို့ မြိုယုရွာသား ကိုဝင်း က ပြောပြတယ်။
အမျိုးသမီးတွေပဲ ရေခပ်ကြတယ်
“ကျွန်တော်တို့ မြိုလူမျိုးတွေမှမဟုတ်ပါဘူး၊ ရခိုင်လူမျိုးတွေ၊ တခြားသောလူမျိုးတွေမှာလည်း မိန်းကလေးတွေကပဲ ရေကို အဓိက တာဝန်ယူခပ်ကြရတာပါ။ ပုံမှန်ဆိုရင် မနက်တစ်ကြိမ်၊ ညတစ်ကြိမ် တော့ ရေခပ်ရတယ်”လို့ ဦးမောင်လှက ပြောတယ်။
အိမ်ထောင်မှုမှာ အမျိုးသားက အလုပ်ထွက်လုပ်နေရရင် အိမ်မှာကျန်ခဲ့တဲ့ ဇနီး၊ ကလေးမိခင်ဖြစ်သူတွေဆီ ချက်ပြုတ်၊ လျှော်ဖွပ်၊ ရေခပ်စတဲ့တာဝန်တွေဟာ အလိုလိုကျ ရောက်သွားပါတယ်။

ဒါပေမဲ့ သားကြီး၊ သမီးကြီးရှိတဲ့အိမ်တွေမှာတော့ သူတို့တွေကို အနည်းဆုံး မနက်တစ်ချိန် ၊ ညတစ်ချိန် ရေခပ်ခိုင်းပြီး ရေအသုံးများရင်များသလို ထပ်ခပ်ခိုင်းရတာလည်းရှိပါတယ်။
အိမ်တစ်အိမ်အတွက် သုံးရေဟာ တစ်နေ့ကို ဒေါ်မထွေးတို့ ခပ်တဲ့ ဂါလံပုံး ၂ ပုံးစာလောက်လိုအပ်ပါတယ်။
ဒါကြောင့် တစ်ခါသယ်စာ ၁ ပုံးနဲ့မလောက်ဘဲ နောက်တစ်ခါသွားခပ်ကြရတဲ့ အမျိုးသမီးတွေလည်းရှိပါတယ်။
“အသီးအရွက်၊ အသားငါးတွေကို တစ်ကြိမ်ထက်မနည်း ဆေးရတာ၊ ကလေးသူငယ်၊ သားသမီးအများရှိတဲ့ အိမ်မှာဆိုရင် ရေအိမ်အသုံးပြုတဲ့အနေအထားတွေ၊ အဝတ်လျှော်ဖို့ ရေက မရှိလို့မဖြစ်လိုအပ်တယ်”လို့ ဦးမောင်လှက ဆိုတယ်။
တခါတရံ အိမ်ကို ဧည့်သည်တွေရောက်လာခဲ့ရင် ရေနွေးကြမ်း၊ လက်ဖက်ရည်အတွက် ရေမရှိလို့ ဧည့်ဝတ်မကျေလိုက်ရတဲ့ အခိုက်အတန့်တွေကို ရင်ဆိုင်ရတယ်လို့ သူကပြောတယ်။

အမျိုးသားဖြစ်သူတွေကလည်း အလုပ်မသွားခင် ရေအိုးတစ်လုံးလောက်သာ ကူခပ်ပေးနိုင်ကြပြီး အဓိကတော့ အမျိုးသမီးတွေပဲ ဒီတာဝန်ကို ယူကြရကာ တောတောင်ထဲကို ရေသွားခပ်ရတဲ့အတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်ရှုံးသွားတဲ့ စစ်ကောင်စီတပ်က ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့အချို့ကို လက်နက်တပ်ဆင်ပေးတာ၊ မွတ်ဆလင်မ်လူငယ်တွေကို စည်းရုံးပြီး ပြည်သူ့စစ်အဖြစ် အသုံးချလာတာတွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
တစ်ဖက်မှာလည်း ဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်စပ်နေတဲ့ လုံခြုံရေးပြဿနာတွေ၊ ဓားပြတိုက်မှု၊ လက်ပြန်ကြိုးတုပ်ပြီး သတ်ဖြတ်မှု၊ အလောင်းဖျောက်ဖျက်မှုနဲ့ တောတောင်ထဲ ဟင်းစားရှာရင်း သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေကြောင့် ဒေသခံတွေဟာ အသက်အန္တရာယ်ကို စိုးရိမ်နေရပါတယ်။
ရေသွားခပ်ရတဲ့ အမျိုးသမီးတချို့ဆိုရင် “သစ်ရွက်ကြွေသံကြားရင်တောင် ထိတ်လန့်နေရတယ်” လို့ ဒေါ်မထွေးက ပြောပါတယ်။
ရွာသားတွေကတော့ သုံးရေခပ်ဖို့ မသွားနိုင်တော့ရင် နီးစပ်ရာ ရေငန်ချောင်းက ရေတွေ သွားခပ်ပြီး အဲဒီရေနဲ့ ထမင်း၊ဟင်းချက်တာ၊ သောက်သုံးတာတွေ လုပ်ကြလို့ ဝမ်းပျက်ဝမ်းလျှောတွေဖြစ်ကြတယ်လို့ ပြောကြပါတယ်။
မသန့်ရှင်းတဲ့ ရေငန်နဲ့ ဆိုးကျိုး
ရွာလူကြီး ဦးမောင်လှကတော့ တချိန်က ကျန်းမာရေးဝန်ထမ်းလုပ်ခဲ့ဖူးတာကြောင့် ရွာမှာ ရေကြောင့်ဖြစ်နေတဲ့ ကျန်းမာရေးထိခိုက်မှုတွေကို သူနားလည်တဲ့အတိုင်း ရှင်းပြပါတယ်။
ရေငန်သောက်မိကြတဲ့ တချို့နို့တိုက်မိခင်တွေနဲ့ သူတို့ရဲ့ မွေးကင်းစကလေးငယ်တွေဟာ ဝမ်းရောဂါနဲ့ ဝမ်းထဲမှာ သွေးပါတဲ့အထိ ဖြစ်ပြီး ယားနာတွေ၊ ခန္ဓာကိုယ်နီရဲ၊ ဖုငယ်လေးတွေလည်း ပေါက်ကြတယ်လို့ သူက ပြောပြတယ်။

မိခင်တွေနဲ့အတူ “မွေးကင်းစကလေးကနေ ၅ နှစ်သားအရွယ်တွေမှာ ပိုမို ခံစားရတယ်” လို့ ဦးမောင်လှက ပြောတယ်။
တချို့မိသားစုတွေမှာလည်း သားသမီးအချင်းချင်း၊ ကြီးသူက ငယ်သူကို ကလေးထိန်းရတဲ့အခါ ခပ်ထားတဲ့ ရေချိုတွေကုန်သွားရင် ရေငန်ကို သောက်မိ၊ တိုက်မိပြီး ဖြစ်ကြတာမျိုးလည်း ရှိတယ်လို့ သူက ရှင်းပြတယ်။
ဝမ်းရောဂါဖြစ်ရင်တော့ တစ်အိမ်ကစလိုက်ရင် တစ်ရွာလုံး တစ်အိမ်ပြီးတစ်အိမ်ဆက်ဖြစ်ကြတာပဲလို့ သူကဆက်ပြောတယ်။
တချိန်က အစိုးရမှာ ကျန်းမာရေးဝန်ထမ်းဖြစ်ဖူးသလို လက်ရှိ အာရက္ခကျန်းမာရေးဌာနက ကျန်းမာရေးကြီးကြပ် ဒေါ်သန်းသန်းကတော့ အခုလို အိမ်ခြေ ၁၀၀ မှာ ၁၀ အိမ်လောက် ဝမ်းရောဂါတွေဖြစ်လာရင် ရောဂါဖြစ်ပွားမှု ပျံ့နှံ့ခြင်း (Outbreak) အဖြစ် သတ်မှတ်ကာ အရေးတကြီး ကုသဖို့လိုတယ်လို့ ရှင်းပြတယ်။
ရေကောင်းရေသန့်ရရှိရေး၊ အစားအသောက်တွေ ဘေးကင်း၊ သန့်ရှင်းရေးတွေနဲ့အတူ ပြည်သူ့ကျန်းမာရေး ပညာပေးလုပ်ငန်းတွေကို လုပ်နိုင်မှသာ ထိထိရောက်ရောက် ကာကွယ်နိုင်မယ်လို့ သူကရှင်းပြတယ်။
အမျိုးသမီးတွေဓမ္မတာလာချိန် သန့်ရှင်းရေးလုပ်ဖို့ ရေကောင်း၊ ရေသန့် လိုအပ်ပေမယ့် ရေမရှိသလို စစ်ပွဲတွေ၊ လမ်းပန်းဆက်သွယ်ရေး၊ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် အမျိုးသမီးလစဉ်သုံးပစ္စည်းဟာ တစ်ထုပ်ကို ၃,၅၀၀ ကျပ်ကနေ ၅,၀၀၀ ထိရှိလို့ ဒီရွာမှာ ဝယ်မသုံးနိုင်ကြတဲ့ အမျိုးသမီးတွေရှိလာပါတယ်။
“ရေရှားပါးတဲ့ကြား ဓမ္မတာလာချိန်မှာ အမိထဘီတစ်ထည်တည်းကို မလျှော်ဘဲမနေနိုင်တာကြောင့် မသွားနိုင်တဲ့ကြားက ဗိုက်နာနာနဲ့ ချောင်းကိုမနိုင်မနင်းသွားပြီး လျှော်ဖွတ်ခဲ့ရတယ်။ မသန့်ရှင်းတဲ့ ရေနဲ့ အဝတ်အစားတွေကို လျှော်ရုံတင်မဟုတ်ဘဲ ကိုယ်တိုင်လည်း ရေချိုးရတာကြောင့် မိန်းမကိုယ်ယားယံတာနဲ့ ဗိုက်နာတဲ့ အနေအထားကို ကြုံခဲ့ရတယ်”လို့ မအေးခိုင်က သူ့အဖြစ်ကို ပြောပြတယ်။
မိန်းမကိုယ်ယားယံတာနဲ့အတူ အမျိုးသမီးအင်္ဂါတွေမှာ ယားနာပေါက်တာတွေ ရွာထဲက အမျိုးသမီးတွေလည်း ဖြစ်ကြတယ်လို့ ရွာခံအမျိုးသမီးတွေဆီက သိရပါတယ်။
ကျန်းမာရေးကြီးကြပ် ဒေါ်သန်းသန်းက ရေကြောင့်တစ်ကိုယ်ရေသန့်ရှင်းမှုတွေ ပိုဆိုးလာရင် မီးယပ်နဲ့ ဓမ္မတာ ကိုပါ ထိခိုက်စေရုံသာမကဘဲ ကိုယ်ဝန်ဆောင်တွေ ရေဓါတ်ခမ်းခြောက်မှုကိုပါ ဖြစ်စေနိုင်တယ်လို့ ရှင်းပြတယ်။

“ရေမသန့်လို့ ဝမ်းလျှောရာကနေ အာဟာရတွေပါ ချို့တဲ့လို့ ရိပ်မိနေပေမယ့်လည်း ကျွန်မတို့မှာ ဒီတိုင်းပဲ သောက်ဆေးကျွေး၊ ပြုစုရုံပါပဲ၊ ဒီထက်ပိုပြီး ငွေအင်အားမတတ်နိုင်သလို ဒီပြဿနာတွေကို ရင်ဆိုင်လာခဲ့တာ ရွာရောက်ကတည်းကဆိုရင် ၅ နှစ်နီးပါးရှိနေပြီ”လို့ ဒေါ်မထွေးက ပြောပြတယ်။
ကျောင်းသားတွေလည်း မိဘတွေကို ရေကူခပ်ပေးရလို့ စာသင်ခန်းကို အချိန်မီမရောက်တာ၊ အတန်းတွေပျက်၊ ကျောင်းခေါ်ကြိမ် မပြည့်တာတွေဖြစ်လာပြီး ကျောင်းပြင်ပကို ရောက်သွားတဲ့ ကျောင်းသားတွေပါ ရှိလာနေတယ်လို့ မြိုယုရွာရဲ့ မူလတန်းပြဆရာမ မနှင်းကပြောပြတယ်။
သွားခပ်ရတဲ့ စိမ့်စမ်းရေတွေကလည်း နောက်ပိုင်းမှာ မြောင်းရေသာသာဖြစ်လာပြီး ဒီရေကိုသောက်ရတဲ့ ကျောင်းသားတွေလည်း ဝမ်းရောဂါတွေဖြစ်၊ အတန်းတွေပျက်တဲ့အထိဖြစ်နေတယ်လို့ ဆရာမကပြောတယ်။
ဒါအပြင် မသန့်ရှင်းတဲ့ရေနဲ့ လျှော်ဖွပ်ရတာ၊ မလျှော်ဖွပ်နိုင်လို့ ဒီကျောင်းဝတ်စုံကိုပဲ ထပ်တလဲလဲ ဝတ်နေရတာ ကြောင့် ညစ်ပတ်လာပြီး ဝတ်ရတဲ့ ကလေးတွေမှာပါ စိတ်ပင်ပန်းမှုတွေ တွေ့ရတယ်လို့ သူကရှင်းပြတယ်။
အာရက္ခကျန်းမာရေးဌာနကတော့ တစ်လ ၂ ကြိမ် လာရောက်ကာ ဆေးကုသပေးနေသလို ကျန်းမာရေးဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတချို့ကလည်း ယင်လုံအိမ်သာဆောက်တာ၊ ဆပ်ပြာတွေပေးတာ၊ အသိပညာ ပေးတာတွေ ရှိပေမယ့် ရေမရှိဘဲ ဆပ်ပြာတောင် တိုက်လို့မရပြန်ပါဘူး။
ရေပြဿနာအဖြေရှာခဲ့ကြသည်
ပင်လယ်နဲ့လည်းနီး၊ ချောင်းနဲ့လည်းနီးတဲ့ မြိုယုရွာဟာ ရေနဲ့ပတ်သက်ရင် ရေငန်တွေသာ ရရှိတဲ့ ရွာပါ။
ရွာတည်တုန်းက စစ်အုပ်စုအစီအမံနဲ့ ရေချိုရရှိဖို့ စီမံကိန်းတချို့ရှိခဲ့ပေမယ့် စစ်ပွဲတွေကြား၊ အုပ်ချုပ်မှုတွေ အပြောင်းအလဲကြားမှာ မြိုယုရွာရဲ့ ရေရရှိရေးစီမံကိန်းဟာ ကံဆိုးခဲ့ပြန်ပါတယ်။
ရွာတည်နေရာရဲ့အောက်မှာလည်း ကျောက်သား၊ ကျောက်စိုင်တွေထူထပ်နေပြီး ရေရရှိဖို့ ခက်ခဲလှပါတယ်။

ရွာလူကြီး ဦးမောင်လှကတော့ ၂၀၂၂ – ၂၃ ခုနှစ်တွေမှာ စစ်အုပ်စုရဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ တိုင်းမှူးတို့ ဒီရွာကို ရောက်လာစဉ် ရေမရရှိတဲ့အကြောင်း တင်ပြဖူးပြီး မောင်တောခရိုင် ကျေးလက်ဦးစီးဌာနကို ရေရရှိရေးစီမံကိန်း အတွက် တာဝန်ပေးခဲ့တယ်လို့ပြောပြတယ်။
မီးသတ်ဌာနကလည်း ရေကားတွေနဲ့ ရေဂါလံ ၂,၀၀၀ ဝန်းကျင်ကို နွေ ၃ လ အတွင်းမှာ ၂ ရက်ခြားတစ်ကြိမ် ရေလာပေးခဲ့တယ်လို့ သူကဆိုပါတယ်။
ဒါအပြင် အဝီစိတွင်းတွေကနေ ရေစုပ်စက်တွေနဲ့ မောင်တောခရိုင်ကျေးလက်ဦးစီးဌာနက လုပ်ဆောင် ပေးခဲ့တယ်လို့ ထွေ/အုပ် ဒုဦးစီး ဦးထွန်းက ပြန်ပြောပြတယ်။
ခရိုင်ကျေးလက်က အဝီစိတွင်း ၃ တွင်းနဲ့ ရေလှောင်ကန်တွေကို တည်ဆောက်ခဲ့ပေမယ့် အဝီစိတွင်းရေတွေအများစုလည်း ရေငန်တွေပဲဖြစ်ခဲ့ပြီး နွေရာသီရောက်တဲ့အခါ ရေမတက်တော့ပြန်ပါဘူး။
မိုးတွင်းရောက်တဲ့အခါ မီးသတ်ဌာနလည်း ရေလာမဝေတော့ဘဲ မိုးရေဟာ ခေတ္တကယ်တင်ရှင် ဖြစ်ခဲ့ပါတယ်။
“မိုးက စောပြီး ရွာတယ်။ ဒါကြောင့် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ရွာသွန်းလိုက်ရင် ရွာအတွက် လုံလောက်မှု အနည်းငယ်ရှိခဲ့တယ် “လို့ ဦးမောင်လှက ပြောတယ်။
မိုးကုန်တဲ့အခါ ထုံးစံအတိုင်း တောတောင်ထဲက စိမ့်စမ်းရေတွေက ရေချိုတွေကိုပဲ လိုက်လံရှာဖွေ ခပ်ကြရပြန်ပါတယ်။
ရာသီဥတု ပူပြင်းလာတာ၊ မိုးခေါင်လာတာကြောင့် စိမ့်စမ်းရေတွေလည်းနည်းလာပြီး ရေတစ်ပုံးရဖို့ ရေခွက်နဲ့ တစ်ခွက်ချင်းစောင့်ပြီးခပ်ရတာ ၁ နာရီကနေ ၂ နာရီထိ ကြာတယ်လို့ ဦးမောင်လှကပြောပြတယ်။
၂၀၂၅ နွေရာသီတုန်းက ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ မင်းပြားနဲ့ မောင်တော မြို့နယ်တွေမှာ သောက်သုံးရေ ပြတ်လပ်သွားတဲ့ဖြစ်စဉ်ကို စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးပါတယ်။
ခုလို စိမ်စမ်းရေတွေပါ ခမ်းခြောက်လာတာဟာ ရာသီဥတုဖောက်ပြန်မှုနဲ့ သစ်တောပြုန်းတီးမှုတွေကြောင့်ဖြစ်ပြီး ရေခမ်းခြောက်ချိန်တွေပါ အရင်ထက်ပိုစောလာသလို ပင်လယ်ရေငွေ့ပျံနှုန်းနဲ့လည်း သက်ဆိုင်တယ်လို့ ခရိုင်ကျေးလက် ဦးစီးမှူး ဦးစောထွန်းက ထောက်ပြပါတယ်။
နောက်ဆုံးတော့ ရွာနဲ့ မိနစ် ၄၀ လောက်ဝေးတဲ့နေရာမှာ တောင်ကျရေကို ခံယူတဲ့ ရေလှောင်ကန်တစ်ခုကို ရွာက တောင်းဆိုခဲ့တာကြောင့် ကျေးလက်က တည်ဆောက်ပေးခဲ့ပြန်ပါတယ်။

ရေလှောင်ကန်ကနေ ပိုက်နဲ့ ရွာကို တိုက်ရိုက်ပို့ခဲ့ပေမယ့် ရေခမ်းခြောက်တာကြောင့် အလုပ်မဖြစ်တော့ ပြန်ပါဘူး။
၂၀၂၃ မိုခါမုန်တိုင်း တိုက်ခတ်တဲ့အချိန်မှာတော့ ရေလှောင်ကနေ သွယ်တန်းထားတဲ့ ပိုက်တွေရော အဆောက်အဦတွေပါ ပျက်စီးသွားခဲ့ပြီး ငွေကြေးမတတ်နိုင်တဲ့ရွာသားတွေဟာ မပြင်ဆင်နိုင် ကြသေးပါဘူး။
ရေရဖို့ လက်မလျှော့ကြတဲ့ ရွာသားတွေဟာ တချိန်က စစ်အုပ်စုထံတင်ပြဖူးပြီး လုပ်မပေးနိုင်ခဲ့တဲ့ ချိုင်ကြီးနှစ်ခုကို မြေဖို့တည်ဆောက်မယ့် ချိုဆည်စီမံကိန်းကိုပဲ အခုချိန် ပြန်ပြီးမျှော်လင့်ချက်ရှိနေပါတယ်။
အာရက္ခတပ်တော်လက်ထက် ရွာသားတွေရဲ့ မျှော်လင့်ချက်
မြိုယုရွာသားတွေရဲ့ ရေမျှော်လင့်ချက်ဟာ သူတို့ရဲ့ ဘဝ၊ အသက်ရှင်နေထိုင်မှုနဲ့ အရေးကြီးနေကြောင်းက သူတို့ရဲ့ မမောမပန်းကြိုးစားမှုမှာ ပေါ်လွင်နေပါတယ်။
ဒါကြောင့် ရွာသားတွေဟာ အာရက္ခအစိုးရကိုလည်း ဆည်ဆောက်ပေးဖို့ တင်ပြတောင်းဆိုကြပါတယ်။

အာရက္ခအစိုးရ၊ မောင်တောမြို့အုပ်ချုပ်ရေးရုံး၊ ခရိုင်ရုံး၊ လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေး ညှိနှိုင်းရေးရုံး (HDCO)နဲ့ ဗဟိုဆည်မြောင်းဦးစီးဌာတွေကို စာနဲ့တင်ပြတောင်းဆိုထားတယ်လို့ ဦးမောင်လှက ပြောပြတယ်။
အခုချိန်မှာ စစ်အုပ်စုပေးခဲ့တဲ့ အဝီစိစက်တွင်းတွေလည်း သုံးလို့မရတော့သလို တောတောင်ထဲက ရေတွေလည်း ရှားလာလို့ မြိုယုရွာအတွက် ရေပြဿနာက ပိုကြီးလာနေပါတယ်။
အခုနှစ် ဇူလိုင်လမှာ အာရက္ခအစိုးရ၊ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးဖေသန်းဟာ မြိုယုရွာကို လာရောက် ကြည့်ရှုခဲ့ပြီး ဗဟိုအဆင့်က တာဝန်ယူဆောင်ရွက်မှာလို့ ပြောခဲ့ပေမယ့် အခုထိတော့ ထူးခြားမှုရှိမလာသေးပါဘူး။
အာရက္ခအစိုးရကို ဆည်မြောင်းနဲ့ပတ်သက်လို့ အကူအညီပေးနေတဲ့ ဆည်မြောင်းဝန်ထမ်းဟောင်းတစ်ဦးကတော့ အစိုးရဘက်က ဆည်တစ်ခုတည်ဆောက်ပေးဖို့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။
“ဗဟိုဆည်မြောင်းဌာနက အကူညီတောင်းလို့ လွန်ခဲ့ ၂ လ က မြိုယုရွာကို စီမံကိန်းအတွက် သွားတိုင်းခဲ့တာပါ။ … စီမံကိန်းအကောင်ထည်ဖော် တည်ဆောက်ချိန်ရောက်မှ သိရမယ်”လို့ သူကပြောပြတယ်။
ရေရတဲ့နေ့ အပျော်ဆုံးနေ့
လက်ရှိမှာတော့ မြိုယုရွာမှာ အမျိုးသားအဖွဲ့ဝင် ၅ ဦးပါတဲ့ ရေကော်မတီဖွဲ့စည်းထားပြီး ရေရှားပါးချိန်မှာ ရေရရှိဖို့ ဘယ်လို ဆွေးနွေးတင်ပြရမလဲ၊ ဘယ်အဖွဲ့တွေကို ချိတ်ဆက်ရမလဲဆိုတဲ့ တာဝန်တွေနဲ့ လိုအပ်လာရင်တော့ ဒိုင်ခံရေခပ်ရတဲ့ အမျိုးသမီးတွေကို ထည့်သွင်း၊ ဆွေးနွေး၊ ပူးပေါင်းဆောင်ရွက်တယ်လို့ ရပ်ရွာအရေး ဆောင်ရွက်နေတဲ့ မြိုယုရွာသား ကိုဝင်းကပြောပါတယ်။
ဘာပဲဖြစ်ဖြစ် ဒေါ်မထွေးတို့၊ မအေးခိုင်တို့လို ကလေးမိခင်တွေ၊ ရွာထဲက အမျိုးသမီးတွေကတော့ မိသားစုတွေရဲ့ အသက်ရှင်နေထိုင်ရေးအတွက် နောက်တစ်နေ့ ရေခပ်ဖို့ကိုပဲ ခေါင်းထဲမှာ အတွေးတွေရှိနေကြပါတယ်။
ရပ်ရေးရွာရေးဆောင်ရွက်သူ ကိုဝင်းက သူတို့အတွက် ရေမရတဲ့နေ့တွေဟာ စိတ်မလုံခြုံတဲ့နေ့တွေဖြစ်ပြီး ရွာမှာ၊ အိမ်မှာ ရေကန်ထဲ ရေအမြဲရှိရင်တော့ ရွာသားတွေအတွက် စိတ်ပျော်ရွှင်ကြရမှာဖြစ်သလို စိုက်ပျိုးရေးအတွက် လည်း အဆင်ပြေသွားမယ်လို့ဆိုပါတယ်။
နို့တိုက်မိခင် မအေးခိုင်ကတော့ အခုအချိန်ထိ မနက်ဖြန်များစွာအတွက် ရေဟာ ရတက်မအေးဖြစ်ရသလို ကလေးတစ်ဘက်နဲ့သူ့အတွက် ရေများပြတ်သွားခဲ့ရင် ဘယ်ကိုသွားခပ်ရမလဲဆိုပြီး အမြဲတွေးပူနေရတယ်လို့ ရင်ဖွင့်တယ်။
“မနက်မိုးလင်းရင် ရေအတွက် မပူရတော့မယ့် နေ့ရက်တွေကိုပဲ မျှော်လင့်နေမိပါတယ်”လို့ မအေးခိုင်က ဆိုလိုက်ပါတော့တယ်။
“This story was supported by Informed Earth.”