Laywaddy FM

သံတွဲမြို့နယ်က လူငယ်တွေကို မဲနှိုက်ခိုင်းပြီး ငပလီ ၅၅ တပ်ရင်းမှာ စစ်သင်တန်းပေးနေ 

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ထဲ က ကျေးရွာတွေက လူငယ်တွေ အဓမ္မ မဲနှိုက်ခိုင်းပြီး ငပလီ ၅၅
တပ်ရင်းမှာ စစ်ကောင်စီက စစ်သင်တန်းပေးနေတယ် လို့ သတင်းရရှိပါတယ်။
ဒီစစ်သင်တန်းမှာ အဓမ္မစစ်သားစုဆောင်းခံရတဲ့ ပြည်သူ ၂၀၀ ကျော်ပါဝင်ပြီး တစ်ရွာကို ၁၀
ဦးကနေ ၁၅ ဦးပါဝင်တယ်လို့ ပြောပါတယ်။
\”ကိုယ့်ရွာကိုယ် ကင်းစောင့်ရမယ် ၊ ကာကွယ်ရမယ်ဆိုပြီး မဲနှိုက်ခိုင်းပါတယ် ၊ တခြားမြို့မှာ
အလုပ်သွားလုပ်နေတဲ့သားက မဲ ပေါက်တယ်၊ ဒါပေမယ့် AA ဘက်ကို ဝင်မယ် ဆိုပြီး သူအလုပ်
လုပ်နေတဲ့ နေရာက နေ လမ်းကြောင်းရှာပြီး ထွက်သွားတယ် ၊ သူ့အမေက လည်း သူတို့
ဘက်ဝင်ရမယ့် အတူတူ ၊ AA ဘက်ပဲ ဝင် လို့ ပြောလိုက်တယ် နိုင်ငံရေးတွေ ဘာတွေ
တော့မသိဘူး၊ ချမယ်ချတော့ AA ဘက်ကပဲ ချမှာပဲ \” လို့ သံတွဲမြို့နယ် ပိုင် ကျေးရွာမှ
ဒေသခံတစ်ဦး ကပြောပါတယ်။
သံတွဲမြို့ပေါ်ရပ်ကွက်တွေ နဲ့ အတူ သံတွဲ-သပြုချိုင်ရေတပ် စခန်း တောက်လျှောက်က ကျေးရွာ
၁၅ ရွာ က ပြည်သူတွေကို ရပ်ကျေးဥက္ကဌ တွေက တဆင့် မဲနှိုက်ခိုင်းနေတယ်လို့ ပြောပါတယ်။
\”ဟိုရက်က စစ်ကားတွေ ရွာထဲ ဝင်လာတော့ ကလေးတွေ ၊ အကုန်ထွက်ပြေးကြတယ်၊ ရေတပ်က
လည်း လက်နက်စမ်းတယ် ဆိုပြီး အမြှောက်တွေ ပစ်နေတယ် \” လို့ သပြုချိုင်ရေ တပ်အနီး
ကျေးရွာ တစ်ရွာက ဒေသခံတစ်ဦးကပြောပါတယ်။
ငပလီအခြေစိုက် ၅၅ ၊ ၅၆၆ တပ်ရင်း တွေ ရှိပြီး ၊ ငပလီနဲ့ မိုင် ၂၀ ကျော် အကွာမှာ တော့
စစ်ကောင်စီအထိုင်ချ ရေတပ်စခန်းတစ်ခုရှိနေပါတယ်။
ရခိုင်ပြည်နယ် တောင်ကုတ်၊ သံတွဲ၊ ဂွ နဲ့ အမ်းမြို့နယ်တို့မှာ စစ်ကောင်စီက ထိမ်းချုပ်မှု
ပီပြင်စွာရှိဆဲဖြစ်ပြီး ဒေသခံတွေကို အသုံးချနေတာဖြစ်ပါတယ်။
ရခိုင့်တပ်တော် AA က ရခိုင်ပြည်နယ် တစ်ဝှမ်းလုံး မှာ စစ်ကောင်စီ ကင်းစင်နယ်မြေ အဖြစ်
တိုက်ခိုက်သွားမယ်လို့ ကြေညာထားတဲ့ အတွက် ခံစစ်ပြင်ဆင်ရာမှာ ဒေသခံ
လူအရင်းအမြစ်တွေကို စစ်ကောင်စီက အသုံးပြုနေတာ ဖြစ်ပါတယ်။

Shine Bu Chay

Related Posts

One thought on “သံတွဲမြို့နယ်က လူငယ်တွေကို မဲနှိုက်ခိုင်းပြီး ငပလီ ၅၅ တပ်ရင်းမှာ စစ်သင်တန်းပေးနေ 

Leave a Reply

Your email address will not be published. Required fields are marked *