Laywaddy FM

ဂွမြို့ အခြေစိုက်ခမရ ၅၆၃/ ၅၆၂ က တပ်သားတွေ နောက်ပေါက်ကထွက်ပြေး

ဂွမြို့ အခြေစိုက်ခမရ ၅၆၃/ ၅၆၂ က တပ်သားတွေ နောက်ပေါက်ကထွက်ပြေး

ရခိုင်ပြည် ဂွမြို့အခြေစိုက် ခမရ ၅၆၃ နဲ့ ခမရ ၅၆၂ က နောက်တန်းတပ်သားအချို့ဟာ တပ်ကိုစွန့်ခွာပြီး နောက်ပေါက်ကနေ ထွက်ပြေးသွားတယ်လို့ သတင်းရရှိပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက်မှာ အာရက္ခတပ်တော် AA က ခမရ ၅၆၂ နဲ့ ၅၆၃ တပ်မျက်နှာချင်းဆိုင်ကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ တပ်သားအချို့က နောက်ပေါက်ကနေ ထွက်ပြေး ပြီး ဂွမြို့ နဲ့ သုံးမိုင်ခန့်အကွာမှာရှိတဲ့ အမြှောက်တပ်ဆီကို ဦးတည်သွားကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“မျက်နှာချင်းဆိုင်တိုက်ပွဲဖြစ်တဲ့အချိန်မှာ ရှေ့ကကောင်တွေ ခံပစ်နေတုန်း နောက်က ကောင်တွေက ဆုတ်ပြေးသွားကြတာ ၊ အမြှောက်တပ် အထိုင်ချထားတဲ့ ဘက်ကို ဆုတ်ပြေးသွားတယ်။ ဧရာဝတီတိုင်းဘက်သွားတဲ့ လမ်းပေါ်မှာ အမြှောက်တပ်က အထိုင်ချထားတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

အာရက္ခတပ်တော် ဘက်က လက်နက်ချဖို့ အသိပေးကြေညာနေပေမယ့် လက်နက်မချဘဲ အခုလိုနောက်ပေါက်က ထွက်ပြေးသွားကြတာဖြစ်တယ်လို့ဆိုပါတယ်။

ထွက်ပြေးတဲ့ တပ်သားတွေနဲ့ ဂွမြို့ကို အပြင်ဘက်က ပိတ်ဆို့ထားတဲ့ အာရက္ခတပ်တော်တို့ဟာ ဂွတောင်ကြားလမ်း ရိုးပေါ် ၃၁ မိုင်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ဂွမြို့ အတွင်းကို စစ်ကားအစီးရေနှစ်ဆယ်နဲ့ စစ်ကူပို့လွှတ်ခဲ့ပြီး အဲ့ဒီစစ်ကူတွေဟာ ဂွမြို့ပေါ်က နေရာတွေ မှာ ဖြန့်ကျက်ချထားတာဖြစ်ပါတယ်။

” အခုထွက်ပြေးတဲ့ အဖွဲ့တွေက အရင်ကတည်းက တပ်ထဲမှာရှိတဲ့လူတွေ နဲ့ မွတ်ဆလင်စစ်မှုထမ်းလူငယ်တွေ များတယ်။ နောက်ထပ်ရောက်လာတဲ့ စစ်ကူတွေက အဲ့ဒီတပ်ထဲကို မရောက်ဘူး ၊မြို့ပေါ်က မှာ နေရာယူပြီးခံပစ်နေကြတာ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဂွမြို့စစ်မျက်နှာပြင်က တပ်သားတွေဟာ အာရက္ခတပ်တော် ကျိန္တလီမြို့ကို သိမ်းပိုက်စဉ်က ပင် အသုတ်လိုက် အသုတ်လိုက်ထွက်ပြေးနေတာဖြစ်ပါတယ်။

ဂွမြို့နယ် တိုက်ပွဲတွေဟာ ငါးလ နီးပါးကြာမြင့်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲ ကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

အမ်းချောင်းသူ (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

3 thoughts on “ဂွမြို့ အခြေစိုက်ခမရ ၅၆၃/ ၅၆၂ က တပ်သားတွေ နောက်ပေါက်ကထွက်ပြေး

Leave a Reply

Your email address will not be published. Required fields are marked *